Thursday, January 2, 2014

MIT

MIT

ဝေးခဲ့တဲ့အမိမြေ တမာရွက်ကြွေတွေအောက်က မြေနီလမ်းတွေပေါ်မှာ ငါတို့ ခြေရာတွေရှိတယ်။

Hဆောင် Bဆောင်တွေမှာ ငါတို့ သမိုင်းတွေရှိတယ် ငါတို့ ၀ိုင်းတွေရှိတယ်။

မန်းချယ်ရီမှာ ငါတို့ ဂစ်တာသံတွေ ငါတို့ သီချင်းသံတွေ ငါတို့??တွေရှိတယ်။

ထရံကာ ကပ်မိုးကင်တင်းမှာ ငါတို့ အကြွေးတွေရှိတယ် တွတ်ပီရှိတယ် ရှမ်းမလေးရှိတယ် B & W ရှိတယ် ဆရာမ ရှိတယ် ဒေါ်ဂွက်ကတော့အခုထိရှိသေးတယ်။

ဝပ်ရှော့တွေမှာ ငါတို့ welcome တွေရှိတယ် ငါတို့ ဆရာပူဇော်ပွဲတွေရှိတယ်။

ကျောင်းဆေးခန်းမှာ ဆရာဝန်မရှိတတ်ပေမဲ့ နပ်စ် မလှလှလေးရှိတယ်။

ဆက်သွယ်ရေးရုံးမှာ ငါတို့ စာအဟောင်းတွေရှိတယ် သူ့နံရံက နားတွေမှာ ဖုန်းပြောသံတွေသိမ်းထားတယ်။

ရုံးစိမ်းလေးမှာ တို့ဆရာကြီး ရှိတယ်။

၎ပုံ၃ပုံ main building မှာ ငါတို့ ဘွဲ့နှင်းသဘင်ရှိတယ်။

မြောင်းမကြီးမှာ ငါတို့ အ၀တ်လျှော်သံ ရေကူးသံတွေရှိတယ်။

ရန်ကင်းတောင်ခြေမှာ ငါတို့ ဖောက်သည်တွေရှိတယ်။

ထန်းတောထဲမှာ ငါတို့ ပဲလှော်တွေ ကြွက်ကြော်တွေရှိတယ်။

သရက်တောမှာ ငါတို့ ချစ်သူတွေရှိတယ်။

အခုတော့ ငါတို့ မရှိတောတဲ့နေရာ မှီတွယ်ဘူးတဲ့အမိကျောင်း ပြန်ပြောင်းသတိရရင်း ငယ်ချင်လာတယ်သူငယ်ချင်း။ ။

မိုးနိုင် (2013)

ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးစမ္မခဏ် ဂါထာတော်

-ဣတိပိ ပိဋကတ္တယံ အနိစ္စံဒုက္ခံ အနတ္တံ ။ -သတ္တ ဗောဇ္ဈင်င်္ဂေါအဋ္ဌင်္ဂိ ကောမဂ္ဂေါစတု သတိ ပဋ္ဌာနံ ၊ -သဗ္ဗ ဿ ဣန္ဒော သဟဿ သူရိ ယော။ -ဩောင်းနမော ဗုဒ္ဓါနံ ၊ရာဇဘယံ၊ စောရဘယံ၊ ဥဒက ဘယံ၊ အဂ္ဂိဘယံ၊သတ္ထဘယံ၊သဗ္ဗဘယံ ၊ဇယော ဇယတု မင်္ဂလံ ။ -အနိစ္စံ ၊သင်္ခတံ ၊ပဋိစ္စ သမုပ္ပန္နံ၊ ခယဓမ္မံ ၊၀ယဓမ္မံ၊ ၀ိရာဂဓမ္မံ ၊ နိ ရောဓဓမ္မံ ၊ပဏ္ဍိ တာ ခမန္တိ ။

အနက်ဖွင့်ဆိုချက်

ဣတိပိ ပိဋကတ္တယံ အနိစ္စံဒုက္ခံ အနတ္တံ -

ဤသို့ဖြစ်ခြင်းပျက်ခြင်းသဘောရှိ သောကြောင့်  အနိ စ္စ ၊ ဤသို့ မပြတ် နှိ ပ်စက် ခြင်းသဘောရှိ သောကြောင့်  ဒု က္ခ ၊ ဤသို့ မိမိ အလိုသို့ မလိုက်ခြင်း သဘော ရှိသောကြောင့်အနတ္တ မည်၏။

သတ္တဗောဇ္ဈင်င်္ဂေါ– ၇ ပါးသော ဗောဇ္ဈင် တို့ သည်လည်းကောင်း၊

အဋ္ဌင်္ဂိ ကော မဂ္ဂေါ– အင်္ဂါ ရှ စ် ပါးရှိ သော ၊

စတုပဋ္ဌာနံ – ဟေတု အာရမ္မဏ စသည့် ၂၄ပစ္စည်း ဟူသော ပဋ္ဌာန်းသည် လည်းကောင်း၊

သဗ္ဗဿ ဣန္ဒော – တရားအလုံးစုံကိုအစိုးရသော မြတ်စွာ ဘုရားသည်လည်းကောင်း၊

သဟဿသူ ရိ ယော – ရောင်ခြည် တစ်ထောင် ဆောင် သော နေမင်းသည်လည်းကောင်း၊

ဣတိပိ အနိစ္စံ ဒုက္ခံ အနတ္တံ– ဤသို့ ဖြစ်ခြင်းပျက်ခြင်း စသည့် သဘော ရှိသောကြောင့် အနိစ္စ ၊ဒုက္ခ ၊အနတ္တ မည်၏ ။ ဩောင်း( ဗု ဒ္ဓါနံ) – အထူးသဖြင့်မြတ် တော်မူ ကု န် သော ၊

နမော ဗုဒ္ဓါနံ – ဘုရားရှ င်တို့အားရှိခိုးပါ၏ ။ တေသံ အာနု ဘာဝေန– ထို ဘုရားရှင်တို့၏ တန်ခိုးတေဇော်အာနုဘော်ကြောင့် ၊ ရာဇဘယံ – မင်းဘေးကိုလည်းကောင်း ၊ စောရဘယံ – ခိုးသူဘေးကိုလည်းကောင်း၊ ဥဒကဘယံ –ရေဘေးကိုလည်းကောင်း ၊ အဂ္ဂိဘယံ– မီးဘေးကိုလည်းကောင်း၊ သတ္ထဘယံ– လက်နက်ဘေးကို လည်းကောင်း၊ သဗ္ဗဘယံ – ဘေးအားလုံးကိုလည်းကောင်း၊ ဇယော – အောင် မြင် နို င် ပါစေသတည်း ။ ဇယတု မင်္ဂလံ– ကောင်းသောမင်္ဂလာ ဟူသမျှ အောင်မြင်ပါစေသတည်း။

အနိစ္စံ ၊သင်္ခတံ ၊ပဋိစ္စ သမု ပ္ပန္နံ – အကြောင်းကို စွဲ၍ ဖြစ်သော အကျိုးတရားသည် ကံ-စိတ်– ဥတု –အာဟာရ အကြောင်းတရား( ၄)ပါးတို့  ပြုပြင် အပ်သည် ဖြစ် ၍ အမြဲမရှိ ပေ။

ခယဓမ္မံ – ကုန်ခြင်းသဘောရှိ၏ ။ ၀ယဓမ္မံ – ပျက်ခြင်းသဘောရှိ၏ ။ ၀ိရာဂဓမ္မံ – ရာဂ ကင်းခြင်းသဘောရှိသော နိဗ္ဗာန်ကို ၊ ပဏ္ဍိ တာ– ပညာရှိ တို့သည် ခမန္တိ – နှ စ်သက်တော် မူကြသည် ။

“ မောဟ၏ သဘော ”

“ မောဟ၏ သဘော ”
••••••••••••••••••••••
မောဟ၏ သဘောသည် အကုသိုလ်ကိုသာ ဖြစ်စေပြီး အပါယ်ကို ဆွဲချတတ်သည့်သဘောရှိပေသည်။ မည်သည့် အကုသိုလ်အလုပ်ကိုလုပ်စေကာမူ မောဟသည် ပါစမြဲပင်ဖြစ်သည်။ အကုသိုလ်စိတ် ဖြစ်တိုင်း တွင် မောဟစိတ် မပါလျှင်မပြီး ချေ။ လောဘဖြစ်လျှင်သော် လည်းကောင်း၊ ဒေါသ ဖြစ်လျှင်သော် လည်းကောင်း၊ မာနဖြစ်လျှင် သော်လည်းကောင်းအစရှိသည့် အကုသိုလ်စိတ်များသည် မောဟနှင့်အတူ ယှဉ်တွဲ၍ ဖြစ်ကြ ရပေသည်။

ထိုကြောင့် အဘိဓမ္မာတွင် ပြဆိုထားသည်မှာ အကုသိုလ်စေတသိက် (၁၄) ပါး တွင် မောဟ စေတသိက် သည် ထိပ်ဆုံးကပင် နေရာ ယူထားလေသည်။ မောဟ၏ အဓိပ္ပာယ်ကိုတွေဝေခြင်း၊ အမှန်အမှားမခွဲခြားနိုင်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆို ကြသည်။ တွေဝေခြင်းဆိုသည်မှာ အလုပ်တွေ များလွန်း၍ မည်သည့်အလုပ်ကိုစ၍ လုပ်ရမည်ကို မဆုံး ဖြတ်နိုင်ဘဲ တွေဝေနေခြင်းကို ဆိုလိုသည် မဟုတ်ပေ။

ကုသိုလ်၊အကုသိုလ်ကို မသိဘဲတွေဝေနေခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ အမှန်တော့မောဟသည် သတ္တ၀ါများကိုဒုက္ခပေးရာတွင် အဓိကအခရာ ကျပေသည်။

အဘယ်ကြောင့်ဆိုသော် မောဟ၏ အလုပ်တာဝန်သည် အကုသိုလ်ကိုပြုလုပ်ရန်အတွက် သာလျှင် အားပေး အားမြောက်ပြုတတ် သောကြောင့်ဖြစ်လေသည်။ မောဟသည် လူများကို အကုသိုလ်ကို ပြုလုပ်မိမှန်း မသိအောင်ညှို့ယူ ဖမ်းစားထားတတ်သည်။ လူ့လောကတွင် ပြောတတ်ကြသည့်စကားတစ်ခု ရှိသည်။ သိလျက်နဲ့ မကောင်းတာကို လုပ်မိတာပါဟု ပြောတတ်ကြသည်။ ထိုစကားသည်မှန်သည်ဟု ပြောနိုင်သော်လည်း အတိအကျမှန်သည်ဟု ဆိုမူကားမဟုတ်ချေ။

မကောင်းသည့်အရာကို ပြုလုပ်သည် ဆိုကတည်းကပြုလုပ်နေသည့်အချိန်တွင် မသိ၍ သာလျှင် ဖြစ်သည်။ ဆိုလိုသည်မှာ အကုသိုလ် လုပ်နေချိန်တွင် မောဟစိတ် ဦးဆောင်နေခြင်းဖြစ်သဖြင့်ထိုအကုသိုလ်ကို အကုသိုလ်မှန်းမသိခြင်းဖြစ်သည်။ ထိုကြောင့် ကျူးလွန်ခြင်းဖြစ်သည်။

ဥပမာ - အရက်သမားတစ်ယောက်သည် အရက်သောက်ခြင်းကိုမကောင်းမှန်းသိနေသော်လည်း ဆက်၍ သောက်မြဲသောက်သည်။ ထိုအရက်သမားသည် အမှန်လက်တွေ့တွင် အရက်သောက်ခြင်းအကုသိုလ်အား တကယ်မကောင်းဟု ဆိုသည်ကို မသိ၍သာ သောက်နေခြင်းဖြစ်သည်။ မကောင်းသည်ကို မကောင်းမှန်းတကယ်သိလျင် ထိုသူသည် ထိုအကုသိုလ်ကိုပြုလုပ်လိမ့်မည်မဟုတ်ပေ။ အရက်မူးနေသောပုဂ္ဂိုလ်များတွင် မောဟစိတ်သည် လွှမ်းမိုးနေသည်။ ထိုကြောင့်အကုသိုလ် အလုပ်များကို လွယ်ကူစွာပင် ကျူးလွန်မိတတ်ကြပေသည်။

ရူးသွပ်နေသော ပုဂ္ဂိုလ်များတွင်လည်းမောဟစိတ် လွှမ်းမိုးနေသည်။ ထိုကြောင့်အရူးသည်သူ့ကိုယ်တိုင် မည်သည့်အရာများကိုလုပ်ကိုင်နေသည်ကိုမသိနိုင်ပေ။ ထိုကြောင့်ပင် မူးမူးရူးရူးဟု ဆိုသည့် စကားဖြစ်ပေါ်လာဟန်ရှိပေသည်။

မောဟစိတ်နှင့် သေရသည့် အကြောင်းကြောင့် ဖြစ်လာရမည့် အကျိုးဆက်သည်ကား တိရစ္ဆာန်ဘုံ ဘ၀သို့ လားရမည် ဖြစ်သည်။ တိရစ္ဆာန်များသည် မောဟစိတ်များဖြင့် နေထိုင်ကြသည်။ မောဟသည် မကောင်းသည်ကိုလည်းကောင်းသည် ဟု ထင်မြင်နေသည်။ ကောင်းသည်ကိုလည်းမကောင်းသည် ဟုပင် ထင်မြင်နေပြန်သည်။

သို့ဖြစ်သောကြောင့် မောဟသည်မည်သို့နည်းဖြင့်မျှပင် အကောင်းကို အကောင်းဟု၊ မကောင်းသည်ကိုမကောင်းဟု အမှန်အတိုင်းမြင်ဖို့ရာ အကြောင်းမရှိနိုင်ချေ။ တစ်နည်းပြောရလျှင် အကုသိုလ်ကိုကုသိုလ်ဟု မြင်သည်။ ကုသိုလ်ကိုလည်းအကုသိုလ်ဟုမြင်သည်။ ဤသည်ကားမောဟ၏ လှည့်စားနိုင်သော အစွမ်းသတ္တိ ဖြစ်သည်။

အမှန်တရားကို မမြင်နိုင်ခြင်းသည် မောဟ အမှောင်ထုကပိတ်ဖုံးထား၍သာဖြစ်သည်။ မောဟကို မသိမှုအ၀ိဇ္ဖာ ဟုလည်းခေါ်သည်။ မည်သည့်အရာကို မသိသနည်းဟုမေးလျှင် ♦အမှန်တရားကိုမသိမှု။ ♦သစ္စာတရားကိုမသိမှု ဟုပင်ဖြေရမည်။ ♦ဒုက္ခသစ္စာကိုမသိမှု၊ ♦သမုဒယသစ္စာကိုမသိမှု၊ ♦နိရောဓသစ္စာကို မသိမှု၊ ♦မဂ္ဂသစ္စာကို မသိမှု စသည်တို့ကိုရည်ညွှန်းပေသည်။

မောဟ အားကြီးနေသူများသည် နေ့အလင်းရောင်တွင် နေထိုင်နေသော်လည်းမောဟ အမှောင် ဖုံးလွှမ်းနေသည့် အတွက်ကြောင့်အလင်းတွင်နေပြီးမှောင်နေသူများဟု ပင် ဆိုနိုင်သည်။

အမှောင်ထဲတွင် နေထိုင်သူသည်အမှန်ကို အမှန်တိုင်းမြင်နိုင်ဖို့ရာမဖြစ်နိုင်။ မောဟ အ၀ိဇ္ဇာသည် ပညတ် ကိုသာ မြင်သည်။ ပရမတ်ကိုကားမမြင်ချေ။ လောက၏ လှည့်စားထားမှုကိုသာမြင်သည်။ ဉာဏ်ဖြင့်အဆုံးစွန် သော အမှန်တရားကို ထိုးဖောက် မြင်နိုင်စွမ်းမရှိ။ ဥပမာ - လူတစ်ယောက်ကို မြင်လျှင် လူဟူသော ပညတ်ကိုသာ မြင်သည်။ ထိုလူအားခန္ဓာငါးပါးဖြစ်သော ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ ဟူသော အပေါင်းအစုကြီးဟု မမြင်မိ။ ထိုကြောင့် အ၀ိဇ္ဇာအမှောင်ထုက ကာဆီးထားလျှင် ပရမတ်တရားကိုထိုးထွင်းသိမြင်ဖို့ရန်လွယ်ကူမည် မဟုတ်နိုင်ပေ။

မောဟသည် မသိမသာဒုက္ခပေးနေသည် ဟုဆိုလျှင်လည်းမမှားနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မသိလို့မသာ (သေခြင်း) ဖြစ်နေကြသည်မှာ ငြင်းနိုင်ဖွယ်မရှိ။ မသိခြင်းသည် မောဟ။ မသာ ဖြစ်ခြင်းသည် ဆင်းရဲဒုက္ခ။ တစ်နည်းဆိုရသော် အ၀ိဇ္ဇာကြောင့်သံသရာမှာ မိမိတို့၏ အသွေးအသားခန္ဓာအသုဘများတောင်လို ပုံနေခဲ့ပေသည်။ ထိုကြောင့်မသိလျှင်မသာ ဖြစ်သည် ဆိုသည့် စကားသည် အမှန်တရားကို ထုတ်ဖော် ပြောကြားထားပေသည်။ သတိ မရှိသော သူသည် သေနေသောသူနှင့်တူပေသည်။ အထူးသတိထားဖို့ ကောင်းလေစွ။ သေခြင်းတရားကင်းရာ လွတ်မြောက်ရာ လမ်းကို မသိသေးသ၍၊ ကျင့်ကြံအားထုတ်မှု မရှိသေးသ၍ သေခြင်းနှင့် ရင်ဆိုင်နေရဦးမည်သာ။

မိမိ၏ စိတ်သန္တာန်တွင်မောဟ မ၀င်ရောက်လာ နိုင်စေရန် ပြုလုပ်ရမည့်နည်းလမ်းမှာ သတိကိုအားကောင်းအောင်ပြုလုပ်ခြင်းပင်ဖြစ်သည်။ သတိစိတ် ဖြစ်နေခိုက်တွင် မောဟစိတ်မဖြစ်ပေ။ သတိသည် အကုသိုလ်စိတ် မ၀င်ရောက်နိုင်အောင် တားဆီးပေးသည်။ ကာကွယ်ပေးသည်။ သို့အတွက်ကြောင့်ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားသည့် သတိပဋ္ဌာန်တရားလေးပါးဖြစ်သော ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်စသည့် တရားများသည် မောဟစိတ်ကို မဖြစ်စေရန် ကျင့်ကြံရမည့် နည်းလမ်းများဖြစ်သည်။ အချိန်တိုင်းသတိကပ်ထားနိုင်လျှင် မောဟစိတ်အတွက် နေရာလွတ် ရှိမည်မဟုတ်။ မောဟစိတ် အတွက် နေရာမရှိတော့လျှင်ကုသိုလ်စိတ်များသာ နေရာယူနိုင်ပေတော့မည်။

သံသရာ အစသည်လည်းမသိမှုမောဟ အ၀ိဇ္ဇာပင် စခဲ့ရသည်။ ထိုကြောင့် ဆရာတော်ကြီးများမိန့်ကြားကြသည်မှာ -သံသရာ ဘယ်ကစ၊မသိတာက စ။ သံသရာ ဘယ်မှာဆုံးသိတစ်လုံးမှာဆုံး။

တရားအားထုတ်ကြရာတွင် သတိကိုခိုင်မြဲအောင် ကျင့်ကြံအားထုတ်ရပေသည်။ သတိသည် အလင်းရောင် ဖြစ်သည်။ သတိ အလင်းရောင်ရှိနေလျှင် မောဟ အမှောင် မ၀င်ရောက်နိုင်ပေ။ တရားအားထုတ်သူသည်နေ့အချိန်ဖြစ်ဖြစ်၊ ညအချိန်ဖြစ်ဖြစ် သတိအလင်းနှင့် ရှိနေသည်။ ညအချိန် အမှောင်ထုသည်လောကကြီးကို ကြီးစိုးထားသော်လည်းသတိနှင့် တရားအားထုတ်နေသော သူအတွက် သတိ အလင်းရောင်သည် အမြဲ ရှိနေသည်။ ထိုအလင်းရောင်သည်နိဗ္ဗာန်အတွက် လမ်းပြဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားပရိနိဗ္ဗာန်မပြုခင်နောက်ဆုံး မိန့်မှာခဲ့သည်မှာ သတိတရားဖြင့် နေကြရန် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ကျေးဇူးတော်ကားကြီးမားလှပါဘိ။

မောဟ၏ ဆန့်ကျင်ဘက်သည် အမောဟ ဖြစ်သည်။ အမောဟသည် ပညာဖြစ်သည်။ ထိုပညာသည် လောကီ ပညာရပ်များကိုဆိုလိုခြင်းမဟုတ်။ လောကုတ္တရာ ပညာကိုသာ ဆိုလိုခြင်းဖြစ်သည်။ ရုပ်နာမ် ဓမ္မ သင်္ခါရတို့ကို ပညာဖြင့် ပိုင်းခြားသိမြင်နေခြင်းဖြစ်သည်။ လောကီပညာသည် တစ်ဘ၀အတွက်အထောက်အကူရနိုင်သည်။ သို့သော်လောကုတ္တရာ ပညာကားသံသရာ တစ်လျှောက်လုံးအတွက်အထောက်အပံ့ရရှိပြီး နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပေးနိုင်သည့်စွမ်းအားရှိသည်။

ယေဘုယျအားဖြင့်ပုထုဇဉ် လူအမျိုးစားနှစ်မျိုးကို တွေ့ရသည်။ “အန္ဓပုထုဇဉ်နှင့် ကလျာဏ ပုထုဇဉ် ” ဟူ၍ ဖြစ်သည်။ အန္ဓပုထုဇဉ် ဆိုသည်မှာပညာမျက်စိ ကန်းနေသည့် ပုထုဇဉ်ကို ခေါ်သည်။ ပညာမျက်စိ ကန်းနေသောသူသည် အမှန်ကိုမမြင်။ လောကကြီး၏ မာယာကို မမြင်။ ထိုပုထုဇဉ်သည် မောဟ အမှောင်တိုက်များကြီးစိုးနေ၍ အကုသိုလ်များကို အချိန်မရွေး ကျူးလွန်နေကြသူများဖြစ်သည်။ ကလျာဏပုထုဇဉ်သည်ပညာမျက်စိ ရှိနေသူဖြစ်သည်။ ထိုသူသည် အရိယာနယ်သို့ မရောက်သေးသော်လည်း ရောက်ရှိရန် အခွင့်အလမ်းများတွေ့ရှိထားသူဖြစ်သည်။ မောဟ အမှောင်ထုကို သတိ ပညာဉာဏ်ဖြင့် အတော်အတန်ဖြိုခွင်းနိုင်သူများဖြစ်သည်။ အရိယာမဂ်လမ်းပေါ်ကိုလည်းပညာက ဦးတည်ခေါ်ဆောင်နေသည်။ မောဟ ဦးဆောင်သော လမ်းသည် အပါယ်လမ်းဖြစ်ပြီး အမောဟ ပညာ ဦးဆောင်သော လမ်းသည် နိဗ္ဗာန်လမ်း ဖြစ်သည်။

ဤလမ်းနှစ်သွယ်သည် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။ ထိုကြောင့် မောဟ၏ သဘော၊ သဘာဝများကို သိရှိထားလျှင်မိမိတို့ထံသို့ မောဟ မ၀င်ရောက်နိုင်အောင် တားဆီးထားနိုင်ပြီး ပညာဦးစီးသော ကုသိုလ်များကိုသာ ၀င်ရောက်ခွင့် ပေးနိုင်လာပေလိမ့်မည်။ ထိုသို့သာ ကျင့်ကြံပွားများ အားထုတ်လာနိုင်လျှင် အချိန်ပမာဏ တစ်ခု အတောအတွင်းတရားထူး၊တရားမြတ်များကို ပိုင်ဆိုင်လာမည် ဟုဆိုလျှင်မည်သူ ငြင်းနိုင်ပါအံ့နည်း……။

-[အရှင်ဉာဏဒီပ(ဓမ္မရတနာ)] ဒေလီတက္ကသိုလ်၊အိန္ဒိယ

Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm